ဗစ်ရှော့ ဆာရာ မလာလီ ၏ သက်တမ်းအကျဉ်း

Rt Revd နှင့် Rt Hon Dame Sarah Mullally DBE သည် ၁၉၆၂ ခုနှစ်တွင် Woking မြို့၌ မွေးဖွားခဲ့ပြီး မောင်နှမလေးဦးအနက်တစ်ဦးဖြစ်ပြီး အစ်မ/ညီမ နှစ်ဦးနှင့် အစ်ကို/မောင်တစ်ဦး ရှိပါသည်။ သူမသည် Winston Churchill Comprehensive ကျောင်း နှင့် Woking Sixth Form ကောလိပ်တို့ကို တက်ရောက်ခဲ့ပါသည်။ သူမသည် အသက် ၁၆ နှစ်အရွယ်တွင် ခရစ်ယာန်ဘာသာဝင် ဖြစ်လာခဲ့သည်။  

ဂိုဏ်းချုပ်ဘုန်းတော်ကြီး Sarah သည် South Bank Polytechnic နှင့် Heythrop ကောလိပ်နှင့် University of London တို့တွင် ပညာသင်ကြားခဲ့ပါသည်။ ဘုန်းတော်ကြီးအဖြစ် ခန့်အပ်ခြင်းမခံရမီ အမျိုးသားကျန်းမာရေးဝန်ဆောင်မှု (National Health Service) တွင် သူနာပြုတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပြီး၊ ထိုအလုပ်မှာ "ဘုရားသခင်၏မေတ္တာတော်ကို ထင်ဟပ်ပြသနိုင်သည့် အခွင့်အရေး" ဖြစ်သည်ဟု သူမဖော်ပြခဲ့ပါသည်။ ကင်ဆာသူနာပြုအဖြစ် အထူးပြုခဲ့ပြီး သူမသည် Westminster ဆေးရုံတွင် လူနာဆောင် တာဝန်ခံသူနာပြုဆရာမကြီး ဖြစ်လာခဲ့သည်။ ထို့နောက် Chelsea and Westminster ဆေးရုံတွင်တွင် သူနာပြုဒါရိုက်တာအဖြစ် ခန့်အပ်ခြင်းခံရပါသည်။ ၁၉၉၉ ခုနှစ်၊ အသက် ၃၇ နှစ်အရွယ်၌ ကျန်းမာရေးဝန်ကြီးဌာနတွင် အစိုးရ၏ အင်္ဂလန်နိုင်ငံ အကြီးတန်းသူနာပြုအရာရှိချုပ်ရာထူးကို ခန့်အပ်ခြင်းခံခဲ့ရပါသည်။ ထိုရာထူး ခန့်အပ်ခံရသူများထဲတွင် သူမသည် အသက်အငယ်ဆုံးဖြစ်ပါသည်။ ၂၀၀၅ ခုနှစ်တွင် ဂိုဏ်းချုပ်ဘုန်းတော်ကြီး Sarah အား သူနာပြုလုပ်ငန်းအပေါ် ထူးခြားစွာ စွမ်းဆောင်ခဲ့မှုများကို အသိအမှတ်ပြုသောအားဖြင့် Dame Commander of the British Empire ဘွဲ့ ချီးမြှင့်ခဲ့ပါသည်။  

အင်္ဂလန်နိုင်ငံ၏ အကြီးတန်းသူနာပြုအရာရှိချုပ်အဖြစ် လုပ်ကိုင်နေစဉ် ဘုန်းတော်ကြီးအဖြစ် ခန့်အပ်ခံရရန် ခေါ်ဆိုမှုကို သူမသိမြင်နားလည်ခဲ့ပြီး၊ အရှေ့တောင်ပိုင်း ကျမ်းစာကျောင်း (South East Institute for Theological Education) ၌ အမှုတော်ဆောင်ခြင်းဆိုင်ရာ လေ့ကျင့်ရေးသင်တန်းကို တက်ရောက်ခဲ့ပါသည်။ သူမသည် ၂၀၀၁ ခုနှစ်တွင် သိက္ခာတော်ဘွဲ့ အပ်နှင်းခြင်းခံခံရပြီး၊ ၂၀၀၄ ခုနှစ်တွင် အစိုးရရာထူးမှ မနုတ်ထွက်မီ ကနဦး၌ ကိုယ့်အထောင့်အပံ့ဖြစ်ရပ်တည်သော သင်းထောက်ဘုန်းတော်ကြီးတစ်ဦးအဖြစ် St Saviour’s Battersea Fields တွင် အမှုတော်ဆောင်ခဲ့ပါသည်။ ယင်းဆုံးဖြတ်ချက်ကို ထိုအချိန်က “ကျွန်မချခဲ့ဖူးသမျှသော အကြီးမားဆုံး ဆုံးဖြတ်ချက်” ဟု သူမဖော်ပြခဲ့ပါသည်။ ၂၀၁၂ ခုနှစ်တွင် Salisbury ဘုရားကျောင်း၌ ဘုန်းတော်ကြီး ဘဏ္ဍာထိန်း (Canon Treasurer) အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး၊ သုံးနှစ်အကြာတွင် Crediton မြို့နယ် Exeter သာသနာနယ်၏ လက်ထောက်ဂိုဏ်းချုပ်အဖြစ် တာဝန်ယူခဲ့ပါသည်။ သူမသည် Church of England တွင် ဂိုဏ်းချုပ်ဘုန်းတော်ကြီးဖြစ်လာသည့် စတုတ္ထမြောက်အမျိုးသမီးဖြစ်ပါသည်။ သူမကို Gloucester ဂိုဏ်းချုပ်ဘုန်းတော်ကြီး Rachel Treweek နှင့်အတူ ကန်တာဘာရီ ဘုရားကျောင်း၌ ဂိုဏ်းချုပ်ဘုန်းတော်ကြီးအဖြစ် ဘိသိက်ပေးခန့်အပ်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် ဂိုဏ်းချုပ်ဘုန်းတော်ကြီး Sarah အား စိန့်ပေါလ် ဘုရားကျောင်း (St Paul’s Cathedral) ၌ ၁၃၃ ဦးမြောက် လန်ဒန်ဂိုဏ်းချုပ်ဘုန်းတော်ကြီး (Bishop of London) အဖြစ် ခန့်အပ်ခဲ့ပြီး၊ သူမသည် ထိုရာထူးကို ရရှိခဲ့သည့် ပထမဆုံးအမျိုးသမီး ဖြစ်ပါသည်။   

ဂိုဏ်းချုပ်ဘုန်းတော်ကြီး Sarah သည် ၂၀၁၈ ခုနှစ် မေလ ၂၄ ရက်နေ့တွင် မိတ်ဆက်ခံရပြီး၊ Lords Spirituals အဖြစ် အထက်လွှတ်တော်တွင် ရုံးထိုင်ပါသည်။  သူမ၏ ပထမဆုံး မိန့်ခွန်းတွင် NHS ၏ နှစ် ၇၀ ပြည့် နှစ်ပတ်လည်နေ့အတွက် ဂုဏ်ပြုချီးကျူးပြောကြားခဲ့ပြီး၊ အထက်လွှတ်တော်အား အောက်ပါအတိုင်း ပြောခဲ့ပါသည်- "ကျွန်မ ဒီကနေ့ ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဖြစ်လာခြင်းဟာ သူနာပြုအလုပ်ဆိုသော ပထမဆုံး ခေါ်တော်မှုခြင်းကြောင့်ဖြစ်ပြီး၊ ကရုဏာစိတ်ထားနဲ့ အနာရောဂါငြိမ်းခြင်းတို့မှာ ကျွန်မဘဝဖြစ်တည်မှုရဲ့ အမြဲအနှစ်သာရရှိနေသောအရာတွေပါပဲ။" ၂၀၁၈ ခုနှစ်၊ မတ်လတွင် ဘုရင်မကြီး၏အကြံပေးအဖွဲ့ (Privy Council) ၏ အဖွဲ့ဝင်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် ဘုရင်မကြီး၏ တော်ဝင်ဝတ်ပြုဆုတောင်းခန်းများ (Chapels Royal) ၏ ဂိုဏ်းထောက် ဘုန်းတော်ကြီး ဖြစ်လာခဲ့ပါသည်။  

ဂိုဏ်းချုပ်ဘုန်းတော်ကြီး Sarah သည် လန်ဒန်ဂိုဏ်းချုပ်ဘုန်းတော်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် "လန်ဒန်မြို့သူမြို့သားတိုင်း ခရစ်တော်၌ ဘုရား၏မေတ္တာတော်ကို တွေ့ကြုံခံစားနိုင်ရေး" အကြောင်းကို မကြာခဏပြောခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ်အထိ အင်္ဂလန်အသင်းတော်၏ မေတ္တာနှင့်ယုံကြည်ခြင်း၌ အသက်ရှင်နေထိုင်ခြင်း လုပ်ငန်းစဉ်ကိုလည်း ဦးဆောင်ခဲ့ပါသည်။ ယင်းလုပ်ငန်းစဉ်တွင် ထိုးထွင်းသိမြင်မှုနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်း၏ ကနဦးအဆင့်များ ပါဝင်ပြီး၊ ၎င်း၌ လိင်တူချစ်သူစုံတွဲများအတွက် မေတ္တာနှင့်ယုံကြည်ခြင်း ဆုတောင်းခြင်းများကို မိတ်ဆက်ပေးခဲ့သည်။ သူမသည် ထိုအသင်းတော်၏ အမျိုးသားကာကွယ်စောင့်ရှောက်ရေးညွှန်ကြားရေးအဖွဲ့ (National Safeguarding Steering Group) တွင် အမှုတော်ထမ်းဆောင်ခဲ့ပြီး၊ ကျန်းမာရေးနှင့်လူမှုစောင့်ရှောက်ရေးကိစ္စများဆိုင်ရာ ဦးဆောင်ဂိုဏ်းချုပ်ဘုန်းတော်ကြီး (Lead Bishop for Health and Social Care issues) လည်း ဖြစ်ပါသည်။ 

အထက်လွှတ်တော်၏ ဘာသာရေးအဖွဲ့ဝင် (Lord Spiritual) တစ်ဦးအနေဖြင့်၊ သူမ၏သင်းအုပ်ဆရာအတွေ့အကြုံအပြင် သူနာပြုနှင့် ကျန်းမာရေးကဏ္ဍဆိုင်ရာ နောက်ခံအတွေ့အကြုံ နှစ်ခုလုံးကို ကျောထောက်နောက်ခံပြုပြီး သက်သောင့်သက်သာ သေဆုံးခြင်း (assisted dying) ဆိုင်ရာ ဆွေးနွေးမှုများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ 

ယခုနှစ်တွင်၊ ဒေသခံအသင်းတော်များနှင့် သာသနာနယ်ဘုန်းတော်ကြီးများအတွက် အရေးပါသောရင်းနှီးမြှုပ်နှံမှုများကို ဖြစ်ပေါ်စေခဲ့သည့် အင်္ဂလန်အသင်းတော်၏ သုံးနှစ်စာ အသုံးစရိတ်အစီအစဉ်ကို ဖော်ဆောင်ခဲ့သော Triennium Funding Working Group ကို သူမဦးဆောင်ခဲ့ပါသည်။ 

ဂိုဏ်းချုပ်ဘုန်းတော်ကြီး Sarah သည် ပျားမွေးမြူခြင်းကိုနှစ်သက်ပြီး လန်ဒန် ခရီးသွားဧည့်လမ်းညွှန်အဖြစ် စေတနာ့ဝန်ထမ်းနေသော အိုင်းရစ်ရှ်နွယ်ဖွား IT နှင့် အင်တာပရိုက်စ် ဗိသုကာပညာရှင် Eamonn နှင့် လက်ထပ်ထားပါသည်။ ၎င်းတို့ ဇနီးမောင်နှံတွင် Liam နှင့် Grace ဟုခေါ်သည့် အရွယ်ရောက်ပြီးသော သားသမီးနှစ်ဦးရှိပါသည်။ သူမသည် ကျန်းမာရေးဝန်ဆောင်မှုအပေါ် စိတ်ဝင်စားမှုကို ဆက်လက်ထိန်းသိမ်းပြီး၊ Royal Marsden NHS Foundation Trust နှင့် Salisbury NHS Foundation ဆေးရုံတို့တွင် အလုပ်အမှုဆောင်မဟုတ်သောဒါရိုက်တာအဖြစ် တာဝန်ယူခဲ့ပါသည်။ သူမသည် Christian Aid ၏ ဥက္ကဋ္ဌဖြစ်ပါသည်။ သူမ၌ စာရေးနှင့်စာဖတ်ခြင်းဆိုင်ရာ အခက်အခဲများ ရှိကြောင်းကို ထုတ်ဖော်ပြောဆို၍ သူမ၏ စာဖတ်စွမ်းရည်ချို့ယွင်းမှုကို ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ပါသည်။ အားလပ်ချိန်များတွင် ချက်ပြုတ်ခြင်း၊ လမ်းလျှောက်ခြင်းနှင့် မြေအိုးမြေခွက်ပြုလုပ်ခြင်းတို့ လုပ်ဆောင်ရတာကို သူမနှစ်သက်ပါသည်။