Rt Revd နှင့် Rt Hon အမျိုးသမီးဂိုဏ်းချုပ်ဘုန်းတော်ကြီး Sarah Mullally DBE သည် ၁၀၆ ဦးမြောက် ကန်တာဘာရီ ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဖြစ်လာမည်။ 

လန်ဒန်ဂိုဏ်းချုပ်ဘုန်းတော်ကြီး Rt Revd နှင့် Rt Hon အမျိုးသမီး ဂိုဏ်းချုပ်ဘုန်းတော်ကြီး Sarah Mullally ကို လာမည့် ကန်တာဘာရီ ဂိုဏ်းချုပ်ဘုန်းတော်ကြီးအဖြစ် ခန့်အပ်ရန် ဗြိတိသျှဘုရင်မင်းမြတ်က အတည်ပြုခဲ့ကြောင်း Downing Street က ကြေညာခဲ့ပါသည်။

ခရစ်နှစ် ၅၉၇ ခုနှစ်တွင် စိန့်ဩဂတ်စ်တင်း ရောမမြို့မှ Kent ဒေသသို့ ရောက်ရှိချိန်မှစတင် ရေတွက်လျှင် ၁၀၆ ဦးမြောက် ကန်တာဘာရီ ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဖြစ်လာမည့် ဂိုဏ်းချုပ်ဘုန်းတော်ကြီး Sarah သည် ထိုရာထူးကိုရယူသည့် ပထမဆုံး အမျိုးသမီး ဖြစ်လာပါမည်။ 

AB Sarah 1920x 1080

၂၀၂၆ ခုနှစ်၊ မတ်လတွင် ကန်တာဘာရီဘုရားကျောင်း ဝတ်ပြုကိုးကွယ်ပွဲတစ်ခု၌ သူမကို ရာထူးအပ်နှင်းပါမည်။  

Sarah Mullally သည် ၂၀၁၈ ခုနှစ်မှစ၍ လန်ဒန်ဂိုဏ်းချုပ်ဘုန်းတော်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုရာထူးအပ်နှင်းခြင်းခံရသည့် ပထမဆုံး အမျိုးသမီး ဖြစ်ပါသည်။ သူမသည် ယင်းမတိုင်မီ Crediton မြို့နယ် Exeter သာသနာနယ်၏ လက်ထောက်ဂိုဏ်းချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၀၁ ခုနှစ် တွင် ဘုန်းတော်ကြီးအဖြစ်ခံယူခြင်း မပြုမီ၊ သူမသည် ကင်ဆာသူနာပြုအဖြစ် အထူးပြုခဲ့၍၊ အသက် ၃၇ နှစ်အရွယ်၌ အင်္ဂလန်နိုင်ငံ အကြီးတန်းသူနာပြုအရာရှိချုပ် ဖြစ်ခဲ့ပြီး ထိုရာထူးခန့်အပ်ခြင်းခံရသောသူများထဲ၌ အသက်အငယ်ဆုံးသောသူဖြစ်ပါသည်။ သူနာပြုအတတ်သည် "ဘုရားသခင်၏မေတ္တာတော်ကို ထင်ဟပ်ပြသနိုင်သည့် အခွင့်အရေး" ဟု ဂိုဏ်းချုပ်ဘုန်းတော်ကြီး Sarah က ဖွင့်ဟပြောဆိုခဲ့ပါသည်။

ယခုနှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့သော လူထုသဘောထားကောက်ခံမှုနှင့် ဆုတောင်းခြင်းဆိုင်ရာထိုးထွင်းသိမြင်မှု လုပ်ငန်းစဉ်များအပြီးတွင် ကန်တာဘာရီ ဂိုဏ်းချုပ်ဘုန်းတော်ကြီး ရွေးချယ်ခန့်အပ်ရေး ကော်မရှင် (Crown Nominations Commission, CNC) က ဂိုဏ်းချုပ်ဘုန်းတော်ကြီး Sarah ကို အမည်စာရင်း တင်သွင်းခဲ့ခြင်း ဖြစ်ပါသည်။ ကန်တာဘာရီ CNC ကို အင်္ဂလန်ဘုရားကျောင်း၊ ကမ္ဘာလုံးဆိုင်ရာ အင်္ဂလီကန်သဟာယနှင့် ကန်တာဘာရီ ဂိုဏ်းအုပ်ဘုန်းတော်ကြီးနယ်ပယ်တို့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပါသည်။

ကန်တာဘာရီ ဂိုဏ်းအုပ်ဘုန်းတော်ကြီးနယ်ပယ်၏ ဂိုဏ်းချုပ်ဘုန်းတော်ကြီး (Diocesan Bishop of the Diocese of Canterbury)၊ အင်္ဂလန်နှင့်မြို့တော်နယ်နမိတ်တစ်ဝန်းလုံး၏ ဂိုဏ်းချုပ် (Primate of All England and Metropolitan) အဖြစ် တာဝန်ထမ်းဆောင်ခြင်းများ၊ ထို့ပြင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၆၅ နိုင်ငံတွင် နေထိုင်သောလူပေါင်း ၈၅ သန်းခန့် ပါဝင်သည့် ကမ္ဘာလုံးဆိုင်ရာ အင်္ဂလီကန်သဟာယ၏ ဂိုဏ်းချုပ်များထဲတွင် တန်းတူညီတူသူများထဲမှ ဦးဆောင်သူ အပါအဝင်၊ အင်္ဂလန်ဘုရားကျောင်း၏ စီနီယာ ဂိုဏ်းချုပ်ဘုန်းတော်ကြီးဖြစ်သော ကန်တာဘာရီ ဂိုဏ်းချုပ်ဘုန်းတော်ကြီး၏ အမှုတော်မြတ်တွင် များစွာသောရာထူးများ ပေါင်းစပ်ပါဝင်နေပါသည်။ အထက်လွှတ်တော် (House of Lords) တွင် ကန်တာဘာရီ ဂိုဏ်းချုပ်ဘုန်းတော်ကြီးသည် အထက်လွတ်တော်၏ဘာသာရေးအဖွဲ့ဝင် (Lords Spiritual) များအဖြစ် ပါဝင်သော ဂိုဏ်းချုပ်ဘုန်းတော်ကြီး ၂၆ ပါး အနက်မှ တစ်ပါး ဖြစ်ပါသည်။ 

ဂိုဏ်းချုပ်ဘုန်းတော်ကြီး Sarah က အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်- "ဤအမှုတော်မြတ်အသစ်အတွက် ခရစ်တော်၏ ခေါ်တော်မူခြင်းကို တုံ့ပြန်ရာတွင်၊ ဆယ်ကျော်သက်အရွယ်ကတည်းက ဘုရားသခင်ကို စတင်ယုံကြည်သက်ဝင်လာချိန်မှစပြီး ကျွန်မကို လှုံ့ဆော်ပေးခဲ့သော ဘုရားသခင်နှင့်အခြားသူများကို အစေခံသောစိတ်ထားအတိုင်း ဆောင်ရွက်ပါတယ်။

"ထိုခရီးစဉ်၏ အဆင့်တိုင်းမှာ၊ ကျွန်မ၏ သူနာပြုအလုပ်အကိုင်နှင့် ခရစ်ယာန်ဓမ္မအမှုတော်မြတ်တစ်လျှောက်၊ လူနှင့်ဘုရားသခင်၏ ညင်သာသော နှိုးဆော်မှုတို့ကို နက်နက်ရှိုင်းရှိုင်း နားထောင်တတ်ရန် သင်ယူခဲ့သည့်အပြင်၊ မျှော်လင့်ခြင်းနှင့် အနာငြိမ်းခြင်းကို လူအများအတူတကွ ရှာဖွေတွေ့ရှိရန် ကြိုးပမ်းခဲ့ပါတယ်။

"ကျွန်မအနေဖြင့် အင်္ဂလန်ဘုရားကျောင်းအား ခရစ်တော်၏ ဧဝံဂေလိတရားအပေါ် ယုံကြည်စိတ်ချမှု ဆက်လက်တိုးပွားဖို့၊ ယေရှုခရစ်တော်မှာ တွေ့ရှိရသော ချစ်ခြင်းမေတ္တာအကြောင်းကို ပြောကြားဖို့နှင့် ကျွန်ုပ်တို့၏ လုပ်ဆောင်မှုများကို ထိုချစ်ခြင်းအားဖြင့် ထုဆစ်ပုံဖော်ဖို့ ရိုးရိုးလေးပဲ တိုက်တွန်းလိုပါတယ်။

"ထို့အပြင် နိုင်ငံတစ်ဝန်းရှိ အသင်းတော်များနှင့် ကမ္ဘာလုံးဆိုင်ရာ အင်္ဂလီကန် သဟာယတစ်ဝန်းလုံး၌ရှိသော ဘုရားသခင်နှင့် မိမိတို့၏ အသိုက်အဝန်းများကို အစေခံနေကြသည့် လူသန်းပေါင်းများစွာနှင့်အတူ ဤယုံကြည်ခြင်းခရီးကို မျှဝေခံစားဖို့ ကျွန်မ မျှော်လင့်ပါတယ်။

“ဒါဟာ အရမ်းကြီးမားတဲ့ တာဝန်ဝတ္တရားဖြစ်တယ်ဆိုတာ ကျွန်မသိပါတယ်၊ ဒါပေမယ့် ဘုရားသခင်က ကျွန်မကို အစဉ်အမြဲ ဆောင်ကြဉ်းပေးခဲ့သလို ယခုလည်း ဘုရား၌ ငြိမ်သက်ခြင်းနှင့် သူ့အပေါ် ယုံကြည်စိတ်ချခြင်းတို့ကို နှလုံးသွင်းပြီးတော့ ဤတာဝန်ကို ထမ်းရွက်ပါမယ်။"

ကန်တာဘာရီ ဂိုဏ်းချုပ်ဘုန်းတော်ကြီးရွေးချယ်ခန့်အပ်ရေး ကော်မရှင်၏ ဥက္ကဋ္ဌ Lord Evans က အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်- "ကန်တာဘာရီ ဂိုဏ်းချုပ်ဘုန်းတော်ကြီးအဖြစ် အင်္ဂလန်ဘုရားကျောင်းနှင့် အင်္ဂလီကန် သဟယကို ဦးဆောင်ရန် ဘုရားက ဘယ်သူ့ကို ခေါ်တော်မူသလဲဆိုတာကို ပိုင်းခြားဆုံးဖြတ်ရှာဖွေရာမှာ ပါဝင်ခဲ့ရတဲ့အတွက်၊ ကန်တာဘာရီ ဂိုဏ်းချုပ်ဘုန်းတော်ကြီး ရွေးချယ်ခန့်အပ်ရေးကော်မရှင်ကို ဥက္ကဋ္ဌအဖြစ် ဦးဆောင်ခွင့်ရရှိခဲ့တာက ကျွန်တော့်အတွက် အရမ်းကိုကြီးမားတဲ့ ဂုဏ်ထူးဆောင်အခွင့်အရေး ဖြစ်ပါတယ်။ ရွေးချယ်တင်မြှောက်ခြင်းအတွက် ထောင်ပေါင်းများစွာသော လူတို့၏ အသံများကို နားထောင်ခဲ့ရတဲ့ လူထုသဘောထားကောက်ခံမှုဖြင့် ဤပိုင်းခြားဆုံးဖြတ်ခြင်းလုပ်ငန်းစဉ်ကို စတင်ခဲ့ပြီး၊ နောက်ဆုံးမှာတော့ ကော်မရှင်၏ နောက်ဆုံးအစည်းအဝေးအထိ ရောက်ရှိခဲ့ပါတယ်။ ဤလုပ်ငန်းစဉ်မှာ ပါဝင်ခဲ့သောသူအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ အထူးသဖြင့် သဘောထားကောက်ခံမှုတွင် မိမိတို့၏အမြင်များကို မျှဝေရန် အချိန်ပေးခဲ့သူများနဲ့ လအတော်ကြာသည်အထိ အားကြိုးမာန်တက် လုပ်ဆောင်ခဲ့ကြတဲ့ ကော်မရှင်အဖွဲ့ဝင်များ၊ ထို့အပြင် ရွေးချယ်တင်မြှောက်ခြင်းများဆိုင်ရာ အတွင်းရေးမှူးများနဲ့ Lambeth Palace မှ ရွေးချယ်တင်မြှောက်ခြင်းနှင့်ခန့်အပ်ရေးအဖွဲ့တို့ရဲ့ အကူအညီများအတွက်လည်း ကျေးဇူးတင်ရှိပါတယ်။" လာမည့်လများအတွင်း အမှုတော်မြတ်အသစ်ကို စတင်ထမ်းဆောင်ဖို့အတွက် ပြင်ဆင်နေတဲ့ ဂိုဏ်းချုပ်ဘုန်းတော်ကြီး Sarah အတွက် ဆုတောင်းပေးနေပါ့မယ်။"   

အင်္ဂလီကန် သဟာယ၏ အတွင်းရေးမှူး ဂိုဏ်းချုပ်ဘုန်းတော်ကြီး Anthony Poggo က အောက်ပါအတိုင်းပြောကြားခဲ့ပါသည်- "ဂိုဏ်းချုပ်ဘုန်းတော်ကြီး Sarah ကို လာမည့် ကန်တာဘာရီ ဂိုဏ်းချုပ်ဘုန်းတော်ကြီးအဖြစ် အမည်စာရင်း တင်သွင်းခြင်းကို ကြိုဆိုဂုဏ်ပြုပါတယ်၊ ထို့အပြင် ဤအရေးကြီးတဲ့ အမှုတော်မြတ်ကို စတင်ထမ်းဆောင်ရန် သူမပြင်ဆင်နေချိန်မှာ ကမ္ဘာလုံးဆိုင်ရာ အင်္ဂလီကန် သဟာယ၏ အသင်းတော်များအားလုံးက သူ့အတွက် ဆုတောင်းပေးကြဖို့ ဖိတ်ခေါ်ပါတယ်။" အဖွဲ့ဝင် အသင်းတော်များ၏ အသံများကို နားထောင်ဖို့၊ အပြန်အလှန် ပံ့ပိုးကူညီမှုကို အားပေးဖို့နဲ့ စည်းလုံးညီညွတ်မှုကို မြှင့်တင်ဖို့အတွက် သူမကြိုးပမ်းဆောင်ရွက်ရာတွင် ဘုရားသခင်ကသူမကို ဉာဏ်ပညာနဲ့ ပိုင်းခြားသိမြင်နိုင်စွမ်း ပေးသနားတော်မူပါစေ။

"အခြားသော သာသနာနယ်များနှင့် အင်္ဂလီကန် သဟာယ၏ ယန္တရားများနှင့်အတူ ပူးပေါင်းလုပ်ဆောင်ရာ၌ သူမ၏အမှုတော်မြတ်ကို အပြည့်အဝ ပံ့ပိုးကူညီပေးဖို့ အင်္ဂလီကန် သဟာယရုံးက အခိုင်အမာ ကတိကဝတ်ပြုထားပါတယ်။ ခရစ်တော်၏ တို့ထိပြောင်းလဲစေတတ်သော မေတ္တာနှင့် ဧဝံဂေလိတရား၏ မျှော်လင့်ခြင်းကို ယနေ့ကမ္ဘာပေါ်၌ ရဲရဲဝံ့ဝံ့ ဝေငှနိုင်ဖို့ အင်္ဂလီကန် သဟာယအပေါ် ဘုရားသခင်က သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းပေးဖို့ ကျွန်ုပ်တို့ ဆုတောင်းကြပါစို့။”